၂၀၂၆ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ အသိပညာမြှင့်တင်ခြင်း သင်တန်း ကျင်းပ
တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်-မန္တလေး (FDB) သည် ဘဏ်ဝန်ထမ်းများ အားလုံး ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ လိုက်နာ ဆောင်ရွက်မှု အသိပညာများ တိုးပွားလာစေရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများကို ပိုမို ထိရောက်စွာ အကောင် အထည်ဖော်နိုင်စေရန် ရည်ရွယ်၍ အသိပညာမြှင့်တင်ရေး သင်တန်းများကို ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့တွင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (MFIU) မှ ယာယီဒုတိယရဲမှူးကြီး ဒေါ်ကြူကြူစိန်က “မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များ” ခေါင်းစဉ်ဖြင့် Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစီအစဉ်သို့ FDB ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၊ အမှုဆောင်အရာရှိချုပ်၊ အကြီးတန်းစီမံခန့်ခွဲသူများ၊ ဌာနတာဝန်ခံများနှင့် ဘဏ်ဝန်ထမ်းများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြ ပါသည်။
ထို့အပြင် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် လိုက်နာဆောင်ရွက်ရေးဌာန ဌာနအကြီးအကဲ ဒေါ်ချိုချိုသိန်းက ၂၀၂၆ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်အသစ်များ၊ ပြောင်းလဲလိုက်နာဆောင်ရွက်ရမည့် အချက်အလက်များနှင့် ပြစ်မှု ပြစ်ဒဏ်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို ရှင်းလင်း ဆွေးနွေး ပို့ချခဲ့ပါသည်။ ထို့ပြင် AML/CFT ဆိုင်ရာ လက်တွေ့ လုပ်ငန်းအတွေ့အကြုံများကို မျှဝေ ဆွေးနွေးခဲ့ရာ လူကိုယ်တိုင် (၄၀) ဦးနှင့် Online မှ (၅၆) ဦး စုစုပေါင်း တက်ရောက်သူ (၉၆) ဦး တက်ရောက် ခဲ့ကြပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် သင်တန်းများတွင် ၂၀၂၆ခုနှစ် AML/CFT ဆိုင်ရာ ဥပဒေအရ လိုက်နာဆောင်ရွက်ရမည့် ပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ သတင်းပို့ခြင်းဆိုင်ရာ တာဝန်ဝတ္တရားများ၊ စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရေးကိစ္စရပ်များ၊ Risk-Based Approach (RBA) အခြေပြု ဆုံးရှုံးနိုင်ခြေအန္တရာယ် စီမံခန့်ခွဲမှုနည်းလမ်းများနှင့် FATF အကောင်အထည်ဖော်ဆောင်ရွက်မှု ဆိုင် ရာ တိုးတက်မှု အခြေအနေများကို ဆွေးနွေး မျှဝေခဲ့ကြပါသည်။
တက်ရောက်သူများသည် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် စိတ်ဝင်စားစွာ လေ့လာခဲ့ကြပြီး AML/CFT ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းများကို မေးမြန်း ဆွေးနွေး ခဲ့ကြရာ အတွေ့အကြုံနှင့် အသိပညာများစွာ ရရှိခဲ့ကြပါသည်။





